အောင်ပန်းကုန်စည်ဈေးကွက်တွင် ရွှေပဲနှင့် အာလူးဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီးကျန်ကုန်စည်ဈေးနှုန်းအများစုမှာတည်ငြိမ်နေ
စီးပွားရေးအောင်ပန်း၊ စက်တင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်စည်ဈေးကွက်တွင် စက်တင်ဘာ ၃ ရက်အထိ ရွှေပဲနှင့် အာလူးဈေးနှုန်းများ ဆက်လက်မြင့်တက်လာသော်လည်း ကုန်စိမ်း၊ ဟင်းသီး ဟင်းရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ရာသီပေါ်သစ်သီးနှင့် ဒေသထွက်စားသောက် ကုန်အများစုမှာ ယခင်ဈေးနှုန်းများအတိုင်း တည်ငြိမ်နေကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နှင့် ၃ ရက် ဈေးနှုန်းများကို နှိုင်းယှဉ်ပါက ရွှေပဲဈေးနှုန်းမှာ အများဆုံးမြင့်တက်ခဲ့ပြီး ရွှေပဲရှယ်စ တစ်ပိဿာလျှင်၁၈,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်သို့လည်း ကောင်း၊ အလတ်စမှာ ၁၆,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်သို့လည်းကောင်း ၄,၀၀၀ ကျပ်စီ မြင့်တက်ခဲ့သည်။
အာလူးဈေးနှုန်းများမှာလည်း S-2/S-3 တစ်ပိဿာ ၄,၀၀၀ ကျပ်မှ ၄,၅၀၀ ကျပ်၊ S2-S1 ၃,၈၀၀ ကျပ်မှ ၄,၃၀၀ ကျပ်၊ S-1-OK ၃,၅၀၀ ကျပ်မှ ၄,၁၀၀ ကျပ်နှင့် OK အာလူးမှာ ၃,၀၀၀ ကျပ်မှ ၃,၉၀၀ ကျပ်သို့ အသီးသီးမြင့်တက်ခဲ့ပြီး OK အာလူးမှာ ၉၀၀ ကျပ်ဖြင့် အများဆုံးမြင့်တက်ခဲ့သည်။
ထို့အပြင် မုံညှင်း၊ ခရမ်းသီးအကြီးနှင့် ငရုတ်ပွရှယ်စတို့လည်း အနည်းငယ်မြင့်တက်လာခဲ့ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်နှင့် ရာသီပေါ်သစ်သီးများ အပါ အဝင် ကျန်ကုန်ပစ္စည်းအများစုမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။




စက်တင်ဘာ ၁ ရက်နှင့် ၃ ရက် ဈေးနှုန်းများကို တိုက်ရိုက်နှိုင်းယှဉ်ရာတွင် ဈေးနှုန်းကျဆင်းသည့် ကုန်ပစ္စည်းမရှိဘဲ အချို့ကုန်ပစ္စည်းများ ဈေးမြင့်တက်လာကာ ကျန်ကုန်ပစ္စည်းအများစုမှာ တည်ငြိမ်နေကြောင်း သိရသည်။



NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







