သနပ်ဖက်ဈေးနှုန်း ယခင်နှစ်ထက် မြင့်တက်လာသဖြင့် တောင်သူများ တွက်ခြေကိုက်ရန် မျှော်လင့်
စိုက်ပျိုးရေးတောင်ကြီး၊ စက်တင်ဘာ ၂ ရက်၊ ၂၀၂၆ခုနှစ်၊
ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် အဓိ ကစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် သနပ်ဖက်ဈေးနှုန်းများမှာ ယခုနှစ်တွင် ယခင်နှစ်ထက် အနည်းငယ်မြင့်တက်လာပြီး ပွဲရုံဈေးကွက်တွင် အမျိုးအစားနှင့် အရည်အသွေးအလိုက် တစ်ပိ ဿာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၈,၀၀၀ အထိ ရရှိနေကြောင်း သိရသည်။
လက်ရှိ ပွဲရုံဈေးကွက်တွင် သနပ်ဖက်အမျိုးအစားအလိုက် အသေးတစ်ပိဿာလျှင် ကျပ် ၁၂,၀၀၀ မှ ၁၃,၀၀၀ ဝန်းကျင်၊ အကြီးတစ်ပိ ဿာလျှင် ကျပ် ၁၅,၀၀၀ မှ ၁၈,၀၀၀ ကြား ရရှိနေကြောင်း သိရသည်။
– သို့သော် ခြံရှင်နှင့် တောင်ယာလုပ်သားများထံမှ ဝယ်ယူသည့် လယ်ယာထွက်ကုန် ရောင်း ဈေးမှာ ဒေသနှင့် သနပ်ဖက်အရည်အသွေးအပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး အ သေးတစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ ဝန်းကျင်၊ အကြီးမှာ ကျပ် ၁၅,၀၀၀ ဝန်းကျင် ရရှိနေကြောင်း တောင်သူများထံမှ သိရသည်။
သနပ်ဖက်စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် သနပ်ဖက်ဈေးနှုန်း မြင့်တက်လာခြင်းအပေါ် ဝမ်းသာကြသော်လည်း စိုက်ပျိုးထုတ် လုပ်မှုကုန်ကျစရိတ်များလည်း ယခင်နှစ်ထက် သိသိသာသာ မြင့်တက်လာသဖြင့် တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ အထက် ရရှိမှသာ တွက်ခြေ ကိုက်နိုင်မည်ဟု မျှော်လင့်နေကြသည်။
“ဒီနှစ်က သနပ်ဖက်ဈေး အရင်နှစ်ထက် ပိုရမှ တွက်ခြေကိုက်မှာပါ။ အစစအရာရာ ကုန်ဈေး နှုန်းတွေ အရမ်းတက်နေတော့ ကျွန်တော်တို့ တောင်ယာခြံသမားတွေအတွက် အခက်အခဲရှိပါတယ်။ ထင်းဈေးဆိုရင် အရင်နှစ်က တစ်ချောင်းကို ကျပ် ၁,၅၀၀ လောက်ပဲရှိပေမယ့် ဒီနှစ် အိမ်အရောက်ပို့ခအပါဆို ကျပ် ၂,၀၀၀ ကနေ ၂,၅၀၀ အထိ ဖြစ်လာပါတယ်” ဟု သနပ် ဖက်စိုက်တောင်သူတစ်ဦးက ပြောသည်။



ထို့အပြင် သနပ်ဖက်ခူးဆွတ်ရာတွင် လူငှားခမှာ တစ်ရက်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင် ပေးရပြီး အချို့နေရာများတွင် ခြင်းတောင်းအလိုက် ခူးဆွတ်ခမှာ တစ်ခြင်းလျှင် ကျပ် ၅,၀၀၀ ဝန်း ကျင် ရှိကြောင်း သိရသည်။ မြက်ပေါင်းရှင်းခြင်း၊ ဆေးဖျန်းခြင်းနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေသြဇာကုန်ကျစရိတ်များလည်း ယခင်နှစ်ထက် မြင့်တက်လာနေကြောင်း တောင်သူများက ဆိုသည်။
သနပ်ဖက်ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၃,၀၀၀ အောက်သို့ ကျဆင်းပါက ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင် တွက်ခြေမကိုက်နိုင်သဖြင့် အကြီးအမျိုးအစား သနပ်ဖက်တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀ အထက် ဈေးနှုန်းရရှိပြီး ဈေးကွက်တည်ငြိမ်ရန် တောင်သူများက မျှော်လင့်နေကြသည်။
လက်ရှိတွင် အချို့တောင်သူများက သနပ်ဖက်များကို ရောင်းချနေကြပြီဖြစ်သော်လည်း အများစုမှာ သနပ်ဖက်များကို လှော်ပြီးစီးသည့်အချိန်တွင် ဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေကြကြောင်း သိရသည်။


သနပ်ဖက်ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ကလော၊ လွိုင်လင် စသည့် မြို့နယ်များတွင် အများအပြား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။



