ရပ်မိရပ်ဖများ အားကိုးရတဲ့ အုပ်ချုပ်ရေးဖြစ်စေရန် စန္တာခမ်း အုပ်ချုပ်ရေးအဆင့်ဆင့်ပြန်လည် ရွေးချယ်
နိုင်ငံရေးစက်တင်ဘာလ ၂ ရက်၊ ၂၀၂၆
အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း၊ ဓမ္မာရုံကျောင်းဆောင်၌ စန္တားခမ်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကျေးရွာအုပ်စုအလိုက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပညာရေးမှူးနှင့် စည်းရုံးရေးမှူးများ ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပင်လောင်းမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌ ဖြားခွန်အောင်ခိုင်က ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် တင်သွင်းထားသူများ၏ ရာထူးအလိုက် တာဝန်များနှင့် အမည်စာရင်းများကို ဖတ်ကြား၍ အဆိုတင်သွင်းပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နောင်တရားမြို့နယ် စန္တားခမ်း-ခမ်းရုမ်းတာဝန်ခံ ဖြားခွန်သောင်းတင်က နောင်တရားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် တင်သွင်းထားသူများ၏ ရာထူးအလိုက် တာဝန်များနှင့် အမည်စာရင်းများကို ဖတ်ကြားအဆိုတင်သွင်းခဲ့သည်။





အဆိုပါ ကျေးရွာအုပ်စုအလိုက် တာဝန်ပေးအပ်သည့် ရာထူးများတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပညာရေးမှူး၊ ကျန်းမာရေးမှူး၊ စည်းရုံးရေးမှူး၊ စည်ပင်သာယာရေးမှူး၊ စာရင်းစစ်၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေးတာဝန်ခံတို့ကို ဗဟိုကော်မတီအဖွဲ့က အတည်ပြုပေးခဲ့ပါသည်။
ထို့နောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဖြိန်းက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအလိုက် တာဝန်ရှိသူများအား အားပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီအဖွဲ့ဝင် ဖြားခွန်ချွန်း၊ ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဖြားခွန်ချစ်အိန်၊ ဗဟိုကော်မတီအဖွဲ့ဝင် ဖြားဆရာယွန်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကော်မတီအဖွဲ့ဝင် သူရိယခမ်း ဒုခမ်းဗွေ ဖြားလွုမ်းကွုမ်းတို့ကလည်း တက်ရောက်လာကြသည့် တာဝန်ရှိသူများအား အတည်ပြုစကားများနှင့် လမ်းညွှန်မှာကြားစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။









ထို့နောက် စန္တားခမ်း ခမ်းဗွေ ဖြားခွန်လှဆန်းက အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို နေ့လယ် ၁ နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။အဆိုပါ အခမ်းအနားသို့ ပြည်နယ်ကော်မတီအဖွဲ့ဝင် အကြီးအကဲများ၊ ရဲဘော်များ၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







