မြေကြီးသည် Phobos လနောက်ကွယ်သို့ ကွယ်ပျောက်သွားပုံကို Mars ကမ္ဘာပြင်မှ Perseverance ပထမဆုံး မှတ်တမ်းတင်
နိုင်ငံတကာသြဂုတ်(၅)၊၂၀၂၆။အမေရိကန်
NASA ၏ Perseverance အင်္ဂါဂြိုလ်ယာဉ်ငယ်ပေါ်ရှိ Mastcam-Z ကင်မရာသည် ဇူလိုင်လ (၂) ရက်နေ့ (မစ်ရှင်၏ Sol ၁၉၀၇ ရက်၊ အင်္ဂါဂြိုလ်စံတော်ချိန် ညနေ ၇ နာရီခန့်) တွင် မြေကြီးသည် အင်္ဂါဂြိုလ်၏ လတစ်လုံးဖြစ်သော Phobos နောက်ကွယ်သို့ ဖြည်းညင်းစွာ ကွယ်ပျောက်သွားပုံကို ဓာတ်ပုံ ၉ ပုံ ဆက်တိုက်ရိုက်ကူးနိုင်ခဲ့သည်။ ဓာတ်ပုံများတွင် မြေကြီးသည် အလင်းအစက်လေးတစ်ခုအဖြစ် ပေါ်လွင်နေပြီး၊ Phobos ၏ အရိပ်ဘက်အနားသို့ ဝင်ရောက်ကွယ်ပျောက်သွားခြင်း ဖြစ်သည်။
ဤကဲ့သို့ အခြားဂြိုလ်တစ်လုံး၏ မျက်နှာပြင်ပေါ်မှနေ၍ မြေကြီးသည် အရာဝတ္ထုတစ်ခုနောက်ကွယ်သို့ ကွယ်ပျောက်သွားပုံ (occultation) ကို လူသားများ မှတ်တမ်းတင်နိုင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ Phobos မှာ အကျယ်ဆုံးနေရာတွင် ကီလိုမီတာ ၂၇ ခန့်သာ ရှိသော အသေးစားလ ဖြစ်ပြီး၊ အင်္ဂါဂြိုလ်နှင့် ကီလိုမီတာ ၇,၈၀၀ ခန့်သာ ကွာဝေးသဖြင့် အလွန်နီးကပ်စွာ လှည့်ပတ်နေသည်။ ထိုအချိန်က မြေကြီးမှာ ကီလိုမီတာ သန်း ၃၁၄ ခန့် ဝေးကွာနေသဖြင့် pixel တစ်လုံးမျှသာ ရှိသော အစက်လေးတစ်ခုအဖြစ် ကျုံ့သွားခဲ့သည်။
Perseverance ၏ Mastcam-Z ကင်မရာ တာဝန်ခံ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဂျပ်စတင် မာကီ (Justin Maki) က ဤဓာတ်ပုံသည် အခြားဂြိုလ်တစ်ခု၏ မျက်နှာပြင်မှနေ၍ ရိုက်ကူးထားသည့် မြေကြီး၏ ထူးခြားသော “ကိုယ်တိုင်ရိုက်ဓာတ်ပုံ” တစ်ပုံ ဖြစ်ပြီး Phobos ကလည်း ဓာတ်ပုံထဲ ရုတ်တရက် ဝင်ရောက်ပါဝင်လာသကဲ့သို့ ဖြစ်နေကြောင်း မှတ်ချက်ပြုခဲ့သည်။ Phobos သည် အင်္ဂါဂြိုလ်၏ ကောင်းကင်ကို တစ်နေ့လျှင် သုံးကြိမ် ဖြတ်သန်းသော်လည်း၊ မြေကြီး၏ ရှေ့ကို အတိအကျ ဖြတ်သန်းသည့် အချိန်ကို ဖမ်းယူနိုင်ရန်မှာ စီစဉ်မှုနှင့် ကံကောင်းမှု နှစ်ခုစလုံး လိုအပ်ကြောင်း ပြောကြားခဲ့သည်။
(သတင်းရင်းမြစ် — NASA JPL, ScienceDaily, BBC Sky at Night Magazine)
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







