ကိုလံဘီယာတွင် ပြင်းအား ၇.၄ ငလျင်လှုပ်၊ သေဆုံးသူ ၁၃၂ ဦးထိ ရောက်ရှိ
နိုင်ငံတကာသြဂုတ်(၁၀)၊၂၀၂၆။ကိုလံဘီယာ
အနောက်တောင်ပိုင်း ကိုလံဘီယာနိုင်ငံ ချိုကို (Chocó) ပြည်နယ် ဆန်ဟိုဆေး ဒဲလ် ပါလမာ (San José del Palmar) မြို့အနီးတွင် သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၇:၃၄) နာရီအချိန်၌ ပြင်းအား ၇.၄ ရှိ ငလျင်ကြီး တစ်ခု လှုပ်ခဲ့သည်။ အမေရိကန် ပထဝီဆိုင်ရာ စစ်တမ်းအဖွဲ့ (USGS) ၏ ဖော်ပြချက်အရ ငလျင်၏ အလယ်ဗဟိုချက်မှာ နိုင်ငံတော်မြို့တော် ဘိုဂိုတာမြို့မှ အနောက်ဘက် ကီလိုမီတာ ၂၄၀ (မိုင် ၁၅၀) ခန့်အကွာတွင် တည်ရှိသည်။
ကိုလံဘီယာ မြို့တော်ကြီးများအသင်း (Colombian Association of Capital Cities) မှ တနင်္လာနေ့ ညပိုင်း ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၃၂ ဦးထိ ရောက်ရှိပြီး၊ ထိုအထဲမှ ပယ်ရိရာ (Pereira) မြို့တစ်ခုတည်းတွင် ၆၀ ဦး ပါဝင်သည်။ ဒဏ်ရာရရှိသူ ၅၇၀ ဦးရှိပြီး၊ အဆောက်အအုံ ၆၁ လုံး လုံးလုံးပြိုကျကာ၊ နေအိမ် ၁,၅၇၅ လုံး ပျက်စီးခဲ့သည်။ ကျန်းမာရေးဌာန ၁၈ ခု၊ ကျောင်း ၅၂ ကျောင်း၊ လူထုအသုံးပြုရေး အဆောက်အအုံ ၁၇ ခုနှင့် လမ်း ၁၈ ခုလည်း ပျက်စီးခဲ့သည်။
ကိုလံဘီယာအစိုးရက နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး၊ စစ်တပ်ကို ထိခိုက်နစ်နာဒေသများသို့ ပို့ဆောင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ ပျက်စီးမှုနှင့် သေဆုံးသူဦးရေမှာ ဆက်လက် တိုးမြင့်နိုင်သည်ဟု ခန့်မှန်းထားသည်။
(သတင်းရင်းမြစ် — CNN, The Washington Post, USGS)
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







