တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် မန္တလေး ငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနား ကျင်းပ
ပြည်တွင်းမတ်လ ၂၈ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မတ်လ ၂၈ ရက် ၁၂:၄၅ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့သူများအား ဝမ်းနည်းကြောင်း အချိန်တစ်မိနစ် တိတ်တဆိတ် ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့ကြပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားများ ပြောကြားမှာ အခုအခမ်းအနား ဆောင်ရွက်နေစဥ်မှာ ညောင်ရွှေမြို့၊ အင်းလေးဒေသ ကေလာကျေးရွာမှာလည်းကောင်း၊ လကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် မန္တလေးငလျင်ဖြစ်စဥ်မှာ သေဆုံးခဲ့သူများအတွက် ရေစက်သွန်းချကောင်းမှု ပြုလုပ်ပေးနေပါတယ်။ ဒီလိုဘေးအန္တရာယ်ကြီးဖြစ်ပွားခဲ့တာ တစ်နှစ်ပြည့်သွားတဲ့အချိန်မှာ ငလျင်ဘေးကြောင့် သေဆုံးသွားသူများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ စွန့်လွှတ်ခဲ့သူများ၊ မိသားစုဝင်များကို ဆုံးရှုံးခဲ့ရသူများ၊ မိမိတို့ရဲ့အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းမှုနဲ့ သတိတရရှိမှုတို့ကို ဖော်ပြနိုင်ရန်အတွက် လည်းကောင်းကောင်း၊ မိမိတို့ရဲ့ရပ်ရွာအသိုက်အဝန်းအလိုက် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်များအပေါ် အသိနှင့် သတိပြည့်ဝစွာ ကြိုတင်ပြင်ဆင်ထားရှိနိုင်မည့် Awareness များ ရရှိရန်အတွက်လည်းကောင်း “မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အခမ်းအနား” ပြုလုပ်ခြင်းသာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနေနဲ့ မန္တလေးငလျင်ဒဏ်ရာထိခိုက်ခံစားရသူ လူဦးရေပေါင်း(၃၉၃၆၀၆)ဦး၊ သေဆုံးသူ (၃၆၇၄)ဦး၊ လုံးဝပျက်စီးနေအိမ်ပေါင်း(၁၁၇၉၉)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်ပေါင်း(၃၉၆၀၃)လုံးထိရှိခဲ့ရာ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးငွေကျပ်(၇၉၇၉) ဘီလီယံကျော် အမေရိကန်ဒေါ်လာ သန်း(၃၈၀၀)ခန့် ရှိခဲ့ပါတယ်။ရှမ်းပြည်နယ်အတွင်းမှာဆိုရင် ငလျင်ကြောင့် မြို့နယ်(၁၂)ခုမှာ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ကလော၊ ညောင်ရွှေ၊ တောင်ကြီးနှင့် ပင်လောင်းမြို့တို့မှာ သေဆုံးသူ(၆၈)ဦး ရှိခဲ့ပါတယ်။ ဘေးသင့်အိမ်ထောင်စု (၅၀၈၇)စုနှင့် လူဦးရေ(၂၁၄၆၈)ဦးတို့ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲရပြီး လုံးပျက်စီးနေအိမ်(၂၄၅၀)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂၂၄၃)လုံးရှိခဲ့ပြီးတော့ ညောင်ရွှေမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း(၆)ခု ဖွင့်လှစ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးစခန်းမှာ (၁၂၇၂)ဦး လာရောက်ခိုလှုံခဲ့ကြပါတယ်။

ယခုလိုအစိုးရနှင့် ပြည်သူဟန်ချက်ညီစွာတုံ့ပြန်ဆောင်ရွက်ခဲ့တာကြောင့် ဘေးသင့်ပြည်သူတွေကိုယ်တိုင် အမြန်ပြန်လည်ထူထောင် နိုင်ခဲ့ကြတာလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့ဘဝကို ရုတ်တရက်ရောက်ရှိသွားတဲ့ ပြည်သူတွေ အမိုးအကာအောက် ချက်ချင်းနေထိုင်အောင် ဆောင်ရွက်ပေးရန် မိမိတို့အစိုးရက ချက်ခြင်းဆောင်ရွက်ပေးခဲ့သလို စားစရာ၊ ယာယီခိုနားစရာတွေ မျှဝေပေးခဲ့ကြသူတွေရဲ့ စေတနာနဲ့ ဆောင်ရွက်ချက်တွေကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း တိုက်တွန်းအမှာစကားပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ငလျင်အန္တရာယ် ကာကွယ်ရေးနှင့်ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီကယ်ဆယ် ပါဝင်လှူဒါန်းဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ငလျင်ဘေးတုံ့ပြန်ဆောင်ရွက်မှု မှတ်တမ်း video တင်ပြပေးခဲ့ပြီးနောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ပြခန်းများကို လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







