ဂျပန်နိုင်ငံရောက် ပအိုဝ်းလူငယ်များမှ (၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို နာဂိုယာမြို့တွင် ကျင်းပ
နိုင်ငံရေးဂျပန်နိုင်ငံရောက် ပအိုဝ်းလူငယ်များမှ (၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို နာဂိုယာမြို့တွင် ကျင်းပ

မတ်လ ၁၂၊ ၂၀၂၆
(၇၇) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ (chinomiya Sports and Culture Center) အီချီနိုမိယာ အားကစားနှင့် ယဉ်ကျေးမှု စင်တာတွင် ဂျပန်နိုင်ငံရောက် ပအိုဝ်းတိုင်းရင်း သားများ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဂျပန်နိုင်ငံအနှံ့ နေထိုင်နေကြသော ပအိုဝ်းလူမျိုးများနှင့် လူငယ်များ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး မိမိတို့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဂျပန်နိုင်ငံအနှံ့တွင် နေထိုင်နေကြသောပအိုဝ်းတိုင်းရင်း သားများအကြား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ဂျပန်ရောက် ပအိုဝ်းလူငယ်တစ်ဦးဖြစ်သော “နန်းနိန်းဟွမ်မှ “ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပရခြင်းက မိမိတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုကို တိုင်းတစ်ပါးတွင် ပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းလိုသည့်ရည်ရွယ်
ချက်ကြောင့်ဖြစ်ပြီး မျိုးဆက်သစ် ပအိုဝ်းလူငယ်များ မိမိတို့၏ ဇာစ်မြစ်ကို မမေ့စေရန်လည်း အရေးကြီးသည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဂျပန်နိုင်ငံတစ်ဝန်းတွင် ရှိနေကြသော ပအိုဝ်းတိုင်းရင်းသားများ ပြန်လည်ဆုံတွေ့ကာ အချင်းချင်း ရင်းနှီးမှုတိုးမြှင့်နိုင်ရန်နှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေရန်လည်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းလူမျိုးတို့အတွက်သ မိုင်းဝင်နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်ပြီး သာကီဝင်မင်းဆက် သူရိယစန္ဒာမင်းကြီး မွေးဖွားရာနေ့ကို အစွဲပြုသတ်မှတ်ထားသောနေ့ ဖြစ်ကြောင်း သိရသည်။

အခမ်းအနားအတွင်း ပအိုဝ်းရိုးရာဝတ်စုံများ ဝတ်ဆင်ခြင်း၊ ရိုးရာအစားအစာများ မိတ်ဆက်ပြသခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂျပန်ရောက် ပအိုဝ်းမိသားစုများအကြား လူမှုရေးနှင့် ကူညီထောက်ပံ့ရေး ကွန်ရက်များ ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။

ပွဲကျင်းပရာတွင် ဂျပန်နိုင်ငံ၏ စည်းကမ်းသတ်မှတ်ချက်များအရ လူစုလူဝေးပွဲများအတွက် ခွင့်ပြုချက်ရယူရခြင်း၊ ခန်းမငှားရမ်းစရိတ်မြင့်မားခြင်းနှင့် အလုပ်အားရက် မတူညီခြင်းကဲ့သို့သော အခက်အခဲများ ရှိနေသော်လည်း ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ် ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်းသိရသည်။

ယခုနှစ်ကျင်းပသည့် အခမ်းအနားသည် ဂျပန်နိုင်ငံတွင် ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပလာခဲ့သည့် (၅) ကြိမ်မြောက် ဖြစ်ပြီး တက်ရောက်သူ ၄၅၀ ဝန်းကျင် ရှိကြောင်း သိရသည်။ ပအိုဝ်းအမျိုးသားနေ့သည် အစဉ်အလာအရ တပေါင်းလပြည့်နေ့ တွင် ကျရောက်သည့် နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ဂျပန်နိုင်ငံရောက် ပအိုဝ်းအသင်းအဖွဲ့များက နှစ်စဉ် ဆက်လက်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် ဂျပန်နိုင်ငံသို့ ပညာသင်ကြားရေးနှင့် အလုပ်အကိုင်အတွက် ရောက်ရှိလာသော ပအိုဝ်းတိုင်းရင်းသားအရေအတွက် တိုးပွားလာနေသဖြင့် လူသစ်နှင့် လူဟောင်းများ မိတ်ဆက်ဆုံတွေ့နိုင်ရန်နှင့် ရောက်ခါစ လူငယ်များကို အားပေးကြိုဆိုနိုင်ရန်အတွက်လည်း အဆိုပါပွဲကို အရေးပါသည့် အစဉ်အလာပွဲတော်တစ်ရပ်အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







