ဇန်နဝါရီ (၁၀)ရက်၊ ၂၀၂၆
အထူးဒေသ(၆)တွင် မှီတင်းနေထိုင်ကြသည့် ညီနောင်တိုင်းရင်းသားများအားလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်နှင့်ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ ရွေးကောက်ပွဲပြဿနာကြောင့် နိုင်ငံရေးရှုပ်ထွေးပြီးနောက် အထူးဒေသ(၆)နယ်မြေသည် အတတ်နိုင်ဆုံး စစ်မီးများ မတောက်လောင်စေရန်နှင့် မိဘပြည်သူများစစ်ဘေးစစ်ဒဏ် မသင့်စေရန် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)အနေနဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ အသက်ချွေးသွေး ပေးဆပ်ခဲ့သည့် တပ်ဖွဲ့ဝင်များလည်း ရှိခဲ့ပါသည်။

၂၀၂၁-ခုနှစ်၊ မေလ(၂၁)ရက်နေ့မှာ ညောင်ရွှေမြို့နယ်၊ ထီရီးဖက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်သည့် တာဝန်ခံတစ်ဦးဖြစ်သည့် ဆရာလာကို အကြမ်းဖက်သောင်းကျန်းသူများက ရက်စက်စွာသတ်ဖြတ်ခဲ့သလို ပင်လောင်းမြို့နယ်၊ လုံးပဉ်ကျေးရွာအုပ်စု၊ နန်းနိန်းကျောင်းထိုင်ဆရာတော်များနှင့် ဒေသခံမိဘပြည်သူများ (၃၀)ကျော်ကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့ကြပါသည်။ ထို့အပြင် ၂၀၂၃ ကနေ ၂၀၂၅ အထိ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းကျေးရွာများ၊ ညောင်ရွှေမြို့နယ် တောင်ဖက်ခြမ်း၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် အရှေ့ဖက်ခြမ်းက မိဘပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများကို အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲဖော်ဆောင်ပြီး မီးရှို့ဖျက်ဆီးခြင်းကိုလည်း ခံခဲ့ရပါသည်။


အထူးဒေသ(၆) နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အခုလက်ရှိ မောက်မယ်မြို့နယ်၊ ဟိုနမ်းဒေသတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)အနေနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေဆဲဖြစ်ရာ မိဘပြည်သူများကလည်း PNLO ကိုအလိုမရှိကြောင်း PNLO ကြောင့် ကျေးရွာတွင် လူနေမှုအဆင့်တန်းနိမ့်ပါးလျက်ရှိကြောင်း မိဘပြည်သူများကပြောဆိုနေကြပါသည်။ ထို့အပြင် ၂၀၂၆ – ခုနှစ်၊ ဇန်နဝါရီ (၈)ရက်နေ့တွင် ဗိုလ်ကြီးအဆင့်ရှိ PNLO တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗိုလ်ကြီးသန်းက ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ထံကို လက်နက်အပြည့်စုံဖြင့် အလင်းဝင် လက်နက်ချခဲ့ပါသည်။


ဗိုလ်ကြီးသန်းသည် PNLO အဖွဲ့ကို (၁၀)နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုချိန်မှာတော့ PNLO ရဲ့လုပ်ဆောင်ချက်တွေဟာ မိဘပြည်သူများအတွက် အလွန်ကိုဒုက္ခရောက်စေတာကြောင့် PNLOတပ်ဖွဲ့ဝင်ကနေ နုတ်ထွက်ပြီး အလင်းဝင်ခဲ့ကြောင်းသိရပါသည်။

ပအိုဝ်းအမျိုးသားတပ်မတော်(PNA)ထံ လက်နက်ချအလင်းဝင်လာသည့် ဗိုလ်ကြီးသန်းကို ဆုငွေများပေးအပ်ခဲ့ပြီး လည်းကောင်း၏နေရပ်ကို အေးချမ်းစွာပြန်လည်နေထိုင်ခွင့်ပြုခဲ့သလို အဆိုပါအခမ်းအနားမှာလည်း ထီဟန်ႏခြွီꩻရွာ၊ နောင်မီꩻရဲ့ꩻရွာက မိဘပြည်သူများလည်း တက်ရောက်ခဲ့ကြပါသည်။

၂၀၂၃-၂၀၂၅ ခုနှစ်ကြားမှာ PNLO တပ်ဖွဲ့ဝင်များ (၁၀၀)ကျော် အလင်းဝင်လာပြီး မိမိတို့၏ နေရပ်ကို အေးချမ်းစွာ နေထိုင်သူများရှိသည့်အပြင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)အဖွဲ့ထဲကို ပြန်လည်တာဝန်ထမ်းဆောင်နေသူများလည်းရှိနေခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေး
09696666652




